


FIFSTA Board Meeting ကနေ အထူးသတိထားမိပြီး လေ့လာခဲ့ရတာတစ်ခုကတော့ အာဆီယံနိုင်ငံတွေမှာ Food Industry အတွက် တက္ကသိုလ်တွေက ပညာရှင်တွေကို ဘယ်လောက်တောင် မွေးထုတ်ပေးနေသလဲဆိုတာပါပဲ။
ထိုင်းနိုင်ငံမှာ Food Science / Food Technology ဆိုင်ရာ ဘွဲ့ပေးအပ်နိုင်တဲ့ တက္ကသိုလ်ပေါင်း ၇၀ ကျော် ရှိပါတယ်။ ဗီယက်နမ်မှာဆိုရင် တက္ကသိုလ် ၄၀ ကျော်ကနေ တစ်နှစ်ကို ကျောင်းသားပေါင်း ၅,၀၀၀ ကျော်ကို လက်ခံသင်ကြားပေးနိုင်ပါတယ်။
ဒါတွေဟာ ကိန်းဂဏန်းတွေ သက်သက်မဟုတ်ပါဘူး။ စက်မှုလုပ်ငန်းကို တကယ်အားကောင်းစေမယ့် ပညာရှင်မွေးမြူရေးစနစ် တွေပါ။ စက်ရုံတစ်ရုံ တိုးချဲ့တဲ့အခါ၊ Export စံနှုန်းအသစ်တွေ တိုးလာတဲ့အခါ၊ ထုတ်ကုန်အသစ်တစ်ခု တီထွင်ရမယ့်အခါ အဲဒီအလုပ်တွေကို လုပ်နိုင်မယ့်လူ ရှိမရှိဆိုတာ အဲဒီစနစ်က ဆုံးဖြတ်ပေးပါတယ်။
ကျောင်းသားတွေအတွက်လည်း ပြိုင်ပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပပေးကြပါတယ်။ Food Science / Food Technology ဗဟုသုတမေးခွန်းပြိုင်ပွဲတွေ၊ Product Innovation ပြိုင်ပွဲတွေ စသဖြင့်ပေါ့။ ဒီလိုပြိုင်ပွဲတွေဟာ ဆုချီးမြှင့်ရုံသက်သက် မဟုတ်ပါဘူး၊ ကျောင်းသားတွေကို စာတွေ့နဲ့ လက်တွေ့ကြား တံတားခင်းပေးလိုက်တာပါ။ ပြိုင်ပွဲတစ်ခုမှာ ထုတ်ကုန်တစ်ခု တီထွင်ဖူးတဲ့ ကျောင်းသားတစ်ယောက်ဟာ အလုပ်ဝင်တဲ့နေ့မှာ သုံညကနေ စရမှာ မဟုတ်တော့ပါဘူး။
အခုတော့ တက္ကသိုလ်အဆင့်တင် မကတော့ဘဲ အထက်တန်း၊ အလယ်တန်းကျောင်းတွေအထိ ဆင်းပြီး ဟောပြောပွဲတွေ လုပ်နေကြပါပြီ။ အစားအသောက်ထုပ်ပိုးမှုပေါ်က Label တွေကို ဘယ်လိုဖတ်ရမလဲ ဆိုတာမျိုးကို ကလေးတွေကို သင်ပေးနေကြတယ်။
ဒါဟာ Vision ပါ။ ဘာ့ကြောင့်လဲဆိုတော့ Label ဖတ်တတ်တဲ့ ကလေးတစ်ယောက်ဟာ နောင်တစ်ချိန်မှာ စဥ်းစားတတ်တဲ့ စားသုံးသူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ပညာရှိတဲ့ စားသုံးသူတွေ များလာလေလေ၊ စျေးကွက်ထဲက ထုတ်ကုန်အရည်အသွေး တက်လာလေလေပါပဲ။ အဲဒီလိုတိုးတက်မှုမျိုးကို ဥပဒေတွေရေး၊ ဒါဏ်တွေရိုက်နေယုံနဲ့ မရနိုင်တဲ့ အရာမျိုးပါ။
ပြီးတော့ အသက် ၁၅ နှစ်မှာ အစားအသောက်သိပ္ပံဆိုတာ စိတ်ဝင်စားစရာကောင်းတယ်လို့ ခံစားမိသွားတဲ့ ကလေးတစ်ယောက်ဟာ သူ့အသက် ၂၅ နှစ်မှာ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း တက္ကသိုလ်နဲ့ စက်မှုလုပ်ငန်းကြား၊ ကျောင်းသားနဲ့ လက်တွေ့ကမ္ဘာကြား၊ ပြီးတော့ ကျွန်မတို့ရဲ့ လူငယ်တွေနဲ့ ဒေသတွင်းက ပညာရှင်အသိုက်အဝန်းကြားက ဆက်စပ်မှုတွေ အများကြီးထူထောင်ရပါဦးမယ်။
အဲဒီဆက်စပ်မှုကို တည်ဆောက်ဖို့ဟာ FoSTA ရဲ့ အလုပ်ပါပဲ။
Saint Yi Htet, Your Interim President of FoSTA
Photo: Student Product Innovation Projects at 30th FiAsia, Jakarta, Indonesia
Leave a comment