FoSTA ကို ကိုယ်စားပြုပြီး ယာယီဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့ FEDERATION OF INSTITUTES OF FOOD SCIENCE AND TECHNOLOGY IN ASEAN (FIFSTA) ဘုတ်အဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ တက်ရောက်ခဲ့ပါတယ်။
အာဆီယံနိုင်ငံများအတွက် အစားအသောက်သိပ္ပံနှင့် နည်းပညာရဲ့ အရေးပါမှုကို အရင်ကတည်းက သိထားပေမယ့်၊ ဒီတစ်ခေါက်မှာတော့ ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။
အဖွဲ့ဝင်နိုင်ငံတိုင်းမှာ ကိုယ်ပိုင်အသင်းအဖွဲ့တွေ ရှိကြပါတယ်။ မြန်မာမှာ FoSTA၊ ထိုင်းမှာ FoSTAT၊ ဗီယက်နမ်မှာ VAFoST၊ ဖိလစ်ပိုင်မှာ PAFT၊ အင်ဒိုနီးရှားမှာ IAFT (PATPI)၊ မလေးရှားမှာ MIFT၊ လာအိုမှာ FDD နှင့် စင်္ကာပူမှာ SIFST တို့ ဖြစ်ပါတယ်။
အတိုကောက်နာမည်တွေပဲ မြင်ရပေမယ့်၊ အဲဒီနာမည်တစ်ခုချင်းစီရဲ့ နောက်ကွယ်မှာ အစားအသောက်သိပ္ပံ ပညာရှင်တွေ၊ တက္ကသိုလ်ဆရာ ဆရာမတွေ၊ စည်းမျဉ်းရေးဆွဲသူတွေနဲ့ စက်မှုလုပ်ငန်းရှင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် ပညာရှင်အသိုက်အဝန်းတစ်ခုစီ ရှိနေပါတယ်။
ဂျာကာတာမှာ အထူးသတိထားမိတာကတော့ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ တစ်ထပ်တည်း တူညီနေကြတာပါပဲ။ စားသုံးသူယုံကြည်မှုကို ထိခိုက်စေတဲ့ အစားအသောက် ဘေးအန္တရာယ်ဖြစ်ရပ်တွေ၊ Export ပို့ဖို့ စံ မမီနိုင်သေးတဲ့ အသေးစားထုတ်လုပ်သူတွေ၊ ပြုပြင်ထားတဲ့အစားအသောက်တွေကနေ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တာတွေ၊ ရာသီဥတုပြောင်းလဲမှုရဲ့ ဖိအားတွေကြောင့် ကုန်ကြမ်းရရှိမှု ပိုခက်ခဲလာတာတွေနဲ့ ထူးချွန်တဲ့ လူငယ်ပညာရှင်တွေကို ဒီနယ်ပယ်ထဲမှာ ဘယ်လိုဆက်လက်ထိန်းသိမ်းထားမလဲဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
ဒီပြဿနာတွေကို နိုင်ငံတစ်ခုတည်းက ဖြေရှင်းလို့မရနိုင်ပါဘူး။
အာဆီယံဟာ ကိုယ့်ဒေသကိုရော ကမ္ဘာ့နိုင်ငံအများစုကိုပါ ကျွေးမွေးနေတဲ့ ဒေသဖြစ်ပါတယ်။ ဆန်၊ ရေထွက်ပစ္စည်း၊ သစ်သီးဝလံ၊ အမွှေးအကြိုင် နဲ့ စားသုံးဆီတွေဟာ နေ့စဉ်နဲ့အမျှ နယ်စပ်တွေကို ဖြတ်ကျော်နေပါတယ်။ အဲဒီကုန်ပစ္စည်းတွေ လွယ်လွယ်ကူကူစီးဆင်းနိုင်ဖို့ နောက်ကွယ်က သိပ္ပံပညာနဲ့ ပံ့ပိုးပေးနေပါတယ်။
FIFSTA တည်ရှိရခြင်းရဲ့ ရည်ရွယ်ချက်ကလည်း အဲဒါပါပဲ။ သုတေသနတွေ မျှဝေဖို့၊ သင်တန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ညှိနှိုင်းပြီး စက်မှုလုပ်ငန်းရှင်တွေရော အစိုးရအဖွဲ့အစည်းများပါ နားထောင်တဲ့ ဒေသဆိုင်ရာအသံတစ်ခု ဖြစ်လာစေဖို့ပါ။
မြန်မာနိုင်ငံအတွက်တော့ အဲဒီစားပွဲဝိုင်းမှာ နေရာတစ်နေရာ ရှိနေခြင်းဟာ သာမန်မြင်ရတာထက် ပိုအရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ အစားအသောက်လုပ်ငန်းအများစုဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဖြစ်ပါတယ်။ စွမ်းရည်ရှိတဲ့ အစားအသောက်သိပ္ပံပညာရှင်တွေလည်းရှိပါတယ်။ ဒါပေမယ့် တစ်ဦးချင်းစီ သီးခြား လုပ်ကိုင်နေရတာ များပါတယ်။ ဒေသတွင်းသုတေသနတွေနဲ့လည်း ကင်းကွာ၊ ပညာရှင်ကွန်ရက်တွေနဲ့လည်း ကင်းကွာ၊ ဒေသဆိုင်ရာစံနှုန်းတွေကို ပုံဖော်နေတဲ့ ဆွေးနွေးပွဲတွေနဲ့လည်း ကင်းကွာနေပါတယ်။ FIFSTA အဖွဲ့ဝင်ဖြစ်ခြင်းဟာ အဲဒီအဆက်အသွယ်ကို ပြန်လည်ရယူဖို့ လမ်းကြောင်းတစ်ခုပါ။
ဒါကြောင့် FoSTA ရှေ့ဆက်လုပ်ဆောင်ရမယ့် အလုပ်တွေကတော့ မြန်မာနိုင်ငံမှာ အစားအသောက်သိပ္ပံအတွက် စစ်မှန်တဲ့ ပညာရှင်အဝန်းအဝိုင်းကြီးတစ်ခု တည်ဆောက်ဖို့။ ကျောင်းသားတွေ ဘွဲ့ရတွေနဲ့ စက်ရုံတွေကို ချိတ်ဆက်ပေးဖို့။ လူငယ်နည်းပညာရှင်တွေကို အသက်မွေးဝမ်းကျောင်း အစောပိုင်းကတည်းက Quiz Bowl လိုပြိုင်ပွဲတွေ၊ Product Innovation ပြိုင်ပွဲတွေကနေတစ်ဆင့် ဒေသတွင်းကွန်ရက်တွေထဲကို ခေါ်ဆောင်ပေးဖို့။ ပြီးတော့ အာဆီယံမှာ အစားအသောက်ရဲ့ အနာဂတ်ကို ဆွေးနွေးတဲ့အခါ မြန်မာ့နေရာဟာ ကုလားထိုင်အလွတ်တစ်လုံး မဖြစ်စေဖို့တို့ဟာ ဦးစားပေးကဏ္ဍတွေဖြစ်ပါတယ်။
လှိုက်လှဲစွာ ကြိုဆိုဧည့်ခံပေးခဲ့တဲ့ FIFSTA ဘုတ်အဖွဲ့နဲ့ အင်ဒိုနီးရှားက အိမ်ရှင်များကို ကျေးဇူးတင်ပါတယ်။
မိတ်ဆွေက စားသောက်ကုန် ထုတ်လုပ်သူ၊ စားသောက်ကုန်လောကကို စိတ်ဝင်စားသူ၊ ကျောင်းသား ကျောင်းသူ၊ ဒါမှမဟုတ် အစားအသောက်အရည်အသွေးနှင့် ဘေးကင်းရေးနယ်ပယ်မှာ လုပ်ကိုင်နေသူ ဆိုရင် FoSTA ဟာ မိတ်ဆွေရဲ့ အဝန်းအဝိုင်းပါပဲ။ လာ join လိုက်ပါ၊ FoSTA ကို အတူတကွ တည်ဆောက်ကြပါစို့။ 🇲🇲
Saint Yi Htet, Your Interim President of FoSTA
Photo: FIFSTA Board Meeting, 30th FiAsia, Jakarta, Indonesia

Leave a comment