အတွဲလိုက်လှမ်းကြရမည့် ခြေလှမ်းအစ (သို့မဟုတ်) နိုင်ငံတကာအရည်အသွေးမီ ချင်းနု (ဂျင်းနု) ထုတ်ကုန်သစ်များထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး

Covid-19 ရောဂါ မြန်မာနိုင်ငံတွင် ပြန့်နှံ့လာပြီးနောက် ချင်း(ဂျင်း)စားသုံးမှု မြင့်မားလာ သည်ကို သတိပြုမိပါသည်။ ယခင်က ချင်း ကို နေ့စဉ်ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် လည်းကောင်း၊ ချင်းသုတ် အဖြစ်လည်းကောင်း၊ ချင်းဇီးပြား ပြုလုပ်၍ လည်းကောင်း စားသုံးလေ့ရှိရာ မှ ယခုအခါ ဖျားနာခြင်းမှ ကာကွယ်ရန်အတွက် ချင်းမှုန့်ကို ရေနွေးကြမ်းတွင်ခတ်၍ သောက်သုံးသည့် အလေ့ဖြစ်ထွန်းလာသည်ကိုလည်း တွေ့ရှိရပါသည်။

ချင်း၏ ဆေးဘက်ဝင်ပုံ၊ ရနံ့မွှေးပုံတို့ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် လူသားတို့ သိရှိခဲ့ ကြပါသည်။ ချင်းစားသုံးခြင်းမှ အစာကြေလွယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းကို ပျောက်ကင်း နိုင်ခြင်း၊ အော့အန်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးစွမ်းနိုင်ခြင်း၊ အဆစ်ရောင်ခြင်းနှင့် ကြွက်သားနာကျင်မှုများကို သက်သာစေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကားမူးခြင်းကို သက်သာစေခြင်း နှင့် ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နေရာအနှံအပြားတွင် ချင်းကို ချင်းတက် အတိုင်းသုံးစွဲခြင်းအပြင် ချင်းမှုန့်၊ ချင်းခြောက်၊ ရှလကာရည်တွင်စိမ်၍ Pickled Ginger အဖြစ် လည်းကောင်း၊ ဆား နှင့် သကြားရည်တို့တွင် စိမ်၍ ကြာရှည်ခံအောင်ပြုလုပ်ထားသော Preserved Ginger အဖြစ် လည်းကောင်း၊ သကြားလုံးပြုလုပ်၍လည်းကောာင်း၊ မုန့်ဖုတ်ရာတွင် ထည့်သွင်း အသုံးပြု၍လည်းကောင်း နည်းမျိုးစုံဖြင့် စားသုံးလေ့ရှိကြပါသည်။ ထို့အပြင် ချင်း၏ မွှေးပျံ့သော ရနံ့နှင့် အာနိသင်တို့ကို ရယူနိုင်ရန် ပေါင်းခံ၍ ချင်းဆီ (Ginger Oil) အဖြစ် ထုတ်လုပ်ကာ စားသောက်ကုန်တွင်သာမက အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ (အထူးသဖြင့် ရှူဆေး၊ လိမ်းဆေးများ) တွင် အသုံးပြုခြင်း၊ ချင်း၏ အဏုဇီဝပိုးများကို ကာကွယ်နိုင်သည့်ဂုဏ်သတ္တိကြောင့် Ginger Oleoresin ပြုလုပ်၍ ဇီဝတာရှည်ခံပစ္စည်း (Bio-preservative) အဖြစ် လည်းကောင်း တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။

ချင်းကို ကမ္ဘာပေါ်တွင် သုံးစွဲမှုများလာသည်နှင့်အညီ ဈေးကွက်လိုအပ်ချက်လည်း မြင့်တက် လျက်ရှိပါသည်။ ကမ္ဘာပေါ်ရှိ ချင်းအများဆုံးစိုက်ပျိုးသည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဒုတိယ အများဆုံး စိုက်ပျိုးသည့်နိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါသည်။ ကမ္ဘာ့ချင်းအများဆုံး စိုက်ပျိုးသည့်နိုင်ငံများတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်ကြသော ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့လည်းပါဝင်ကြပါသည်။

မြန်မာနိုင်ငံတွင်လည်း ချင်းကို စားဖိုဆောင်သီးနှံအဖြစ်လည်းကောင်း၊ ဆေးဖက်ဝင် အပင် အဖြစ် တိုင်းရင်းဆေးများတွင် အသုံးပြုရန်အတွက်လည်းကောင်း စိုက်ပျိုးလေ့ရှိပါသည်။  ချင်းပင်၏ မူရင်းဒေသမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြား တွင် စိုက်ပျိုး၍ဖြစ်ထွန်းပါသည်။ ချင်းကို အင်္ဂလိပ်ဘာသာဖြင့် Ginger ဟု ခေါ်ပြီး သိပ္ပံအမည်မှာ Zingiber Officinale ဖြစ်ကာ Zingiberaceae မျိုးရင်းတွင်ပါဝင်ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိ စိုက်ပျိုးလျက်ရှိသော ချင်းမျိုးများမှာ ချင်းကြီး (ရှမ်းချင်း)၊ ချင်းလေး (ချင်းမွှေး/ချင်းဖြူ) ဟူ၍ အခြေခံအားဖြင့် နှစ်မျိုး ရှိပြီး ဒေသအလိုက် အခေါ်အဝေါ် ကွဲပြားလျက်ရှိပါသည်။ 

“ချင်း(ဂျင်း)နု (သို့မဟုတ်) Export ချင်း(ဂျင်း) စိုက်ပျိုး ထုတ်လုပ်ရောင်းချရေးနှင့်ပတ်သက် သော သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ ပညာရှင်များဖြင့် ပူးပေါင်း၍ (၂၅.၉.၂၀၂၁) ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီထိ Zoom Application အသုံးပြုကာ Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်‌ ဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကိုသိရှိနိုင်ရန်၊ ဝန်ကြီးဌာနများဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် နှင့် COVID-19 ကာလ နှင့် COVID-19 ကာလအလွန် စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချတင်ပို့ သည့်လုပ်ငန်းများ ပြန်လည်ရှင်သန်ဦးမော့လာနိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခဲ့သော ဆွေးနွေးပွဲဖြစ်ပါသည်။ ထိုဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ  သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ  တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်မှ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၅၇) ဦး တက်ရောက်ခဲ့ကြပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၏ ဦးစီးအရာရှိ ဦးညီညီအောင် မှ “ကောင်းမွန်စနစ်ကျသည့် ချင်းနုစိုက်ပျိုးနည်း စနစ်များ” အကြောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးရဲမြင့်မောင် မှ “ချင်းနု၏ ဈေးကွက်အခြေအနေများ” အကြောင်း နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်က “ချင်းအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး နည်းပညာများ” အကြောင်းတို့ကို အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပါသည်။

ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း ချင်းခြောက် ၂၂၀၆ မက်ထရစ်တန် ကျော် ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အမေရိကန်၊ အင်္ဂလန် နှင့် ဂျာမဏီ နိုင်ငံများသို့ တိုက်ရိုက်သော်လည်းကောင်း ပွဲစားနိုင်ငံမှ တဆင့်လည်းကောင်း တင်ပို့ရောင်းချနိုင်ခဲ့သည့် ကုမ္ပဏီကြီး (၃) ခု ရှိပြီး နိုင်ငံပေါ်မူတည်၍ ချင်းအမျိုးအစား ကြိုက်နှစ်သက်မှုမှာ ကွဲပြားကြကြောင်း၊ ဝယ်ယူမည့်နိုင်ငံ၏ သတ်မှတ်စံချိန်စံညွှန်း များ ပြည့်မီမှုရှိရန်၊ အသိအမှတ်ပြုလက်မှတ်များ လက်ဝယ်ရှိရန်၊ အလေအလွင့်နည်းပါးရန်၊ ဈေးကွက်ဝင်သည့် ချင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရန်နှင့် လိုအပ်သလောက် အချိန်မီရရှိရန်၊ ဈေးကွက်တည်ငြိမ်မှုရှိရန်တို့မှာ မြန်မာ့နိုင်ငံ၏ ချင်းထုတ်ကုန်များ ပြည်ပဈေးကွက်သို့ ထိုးဖောက် နိုင်ရေးအတွက် အရေးပါသည့် စိန်ခေါ်မှုများဖြစ်ကြောင်း သိရှိခွင့်ရခဲ့ပါသည်။ ချင်းစိုက်ပျိုးသူ တောင်သူများအတွက်  စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသစ်များ၊ စိုက်ပျိုးနည်းပညာများ၊ ရိတ်သိမ်းချိန် လွန်နည်းပညာများ ဖြန့်ဝေရန် အသင့်ရှိသကဲ့သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှလည်း ချင်း၏ အာဟာရဓာတ်၊ အရည်အသွေး၊ အာနိသင် နှင့် SME လုပ်ငန်းရှင်များအတွက် ချင်းမှ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး နည်းပညာ များ ဝေငှရန် အသင့်ရှိကြောင်းကိုလည်း သိရှိခွင့်ရခဲ့ပါသည်။

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ချင်းတောင်သူများ ဈေးကွက်တည်ငြိမ်ရန်အတွက် ဝယ်လိုအား ရှိသည့် ချင်းမျိုးများကို ရွေးချယ် စိုက်ပျိုး၍ အရည်အသွေးပြည့်မီသည့် သတ်မှတ်သက်တမ်းအတွင်း ရိတ်သိမ်းရောင်းချနိုင်ရေးအတွက် Contract Farming System ဖြင့် စိုက်ပျိုးကြရန် အားပေး လိုကြောင်း၊ ဂျပန်နိုင်ငံ၏ ပြည်တွင်းစားသုံးမှု ချင်းဈေးကွက်မှာ မက်ထရစ်တန် ၁၃၀,၀၀၀ ရှိပြီး ပြည်ပမှ နှစ်စဉ် မက်ထရစ်တန် ၈၀,၀၀၀ ကျော် တင်သွင်းနေကြရသဖြင့် ပြည်ပဈေးကွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်သီးနှံတစ်မျိုးဖြစ်သောကြောင့် တောင်သူများအနေဖြင့် ချင်းနု စိုက်ပျိုးပါက အကျိုးဖြစ်ထွန်းရန်သေချာကြောင်း အသိပေးပြောကြားခဲ့ပါသည်။  စက်မှုဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ဖြစ်သည့် စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်း များကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်ရေးတို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် SME လုပ်ငန်းများကို ပံ့ပိုးကူညီရန် အဆင်သင့်ရှိနေပြီဖြစ်ပါသည်။ ထို့ကြောင့် တောင်သူများ၊ ထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများ နှင့် ပညာရှင်များအားလုံး လက်ခြင်းတွဲရုံသာမက ခြေလှမ်းများ တပြိုင်နက်လှမ်းလျက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီကာ နိုင်ငံတကာအရည်အသွေးမီ ပြည်ပပို့ကုန်အဖြစ် ချင်းနု ထုတ်ကုန်သစ်များ ထုတ်လုပ်နိုင်ရန်ရည်သန်၍ ရေးသားတိုက်တွန်း လိုက်ရပါသည်။


မမပစ်တိုင်းထောင် (SME)
၄.၁၀.၂၀၂၁ (၁၅:၀၀)
(၂၁.၁၀.၂၀၂၁ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၁၀၊ ဆောင်းပါး)

Leave a comment