
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကျော်လွှားနိုင် ရေးအတွက် ကြိုးစားရင်ဆိုင်လျက်ရှိပါသည်။ ကိုဗစ်ကာလအတွင်း အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် အခက်အခဲများစွာဖြင့် ရင်ဆိုင်ခဲ့ကြပြီး အရှိန်လျော့နည်း ကျဆင်းခဲ့ကြရသည်မှာ လက်တွေ့ဖြစ်ပါသည်။ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားရန်” ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် တတိယမြောက် လုပ်ငန်းစဉ်အရ စီးပွားရေးလုပ်ငန်းများ ဦးမော့လာစေရေးအတွက် စတင်ဆောင်ရွက်ရန် အချိန်ကျရောက်လာပြီ ဖြစ်ပါသည်။ နိုင်ငံတကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ ဆောင်ပုဒ်ဖြစ်သည့် “ပိုမို ကောင်းမွန်စွာ ပြန်လည်ထူထောင်ရေး (Build Back Better)” ဆိုသည့်အတိုင်း မြန်မာ့စီးပွားရေး လုပ်ငန်းများကို အဟောင်းအတိုင်း ပြန်လည်ထူတောင်ခြင်းထက် ပုံမှန်ခေတ်သစ် (New Normal) အခြေအနေနှင့်ကိုက်ညီမည့် ပိုမိုသာလွန်ကောင်းမွန်သည့်ပုံစံ ဖြစ်ပေါ်လာစေရေးအတွက် စီမံကိန်း မဟာဗျူဟာများ ရေးဆွဲချမှတ်ကြရန် လိုအပ်လာပြီဖြစ်ပါသည်။
အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ လက်ရှိရင်ဆိုင်ကြုံတွေ့နေ ရသော အခက်အခဲများကို သိရှိနားလည်စေရန်၊ MSMEs များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင် မည့် အခွင့်အလန်းများ ပွင့်လန်းလာစေရန် နှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ် များကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်တို့ကို ရည်ရွယ်၍ “ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလများတွင် MSMEs လုပ်ငန်းများ ရှင်သန်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာချမှတ်နိုင်ရေး” အလုပ်ရုံ ဆွေးနွေးပွဲကို ၁၄.၁၀.၂၀၂၁ မှ ၁၅.၁၀.၂၀၂၁ ထိ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် Hybrid Meetings အသုံးပြုကာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ ဆက်စပ်ဝန်ကြီးဌာနများ ဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုမြန်မာ နိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် ညီနောင်အသင်းများမှ ပုဂ္ဂိုလ် များ၊ MSMEs များမှ လုပ်ငန်းရှင်များ စုစုပေါင်း (၁၁၃) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၏ ပထမနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSMEs များမှ ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ကြိုးပမ်းဆောင်ရွက်မှုများ၊ လုပ်ငန်းအခြေအနေများ၊ အတွေ့ အကြုံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဒုတိယနေ့တွင် ပထမနေ့၏ တင်ပြ ချက်များအပေါ် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းနယ်ပယ်မှ ပညာရှင်များက သုံးသပ် ဆွေးနွေးခဲ့ကြပြီး စီးပွားရေးမဟာဗျူဟာချမှတ်ရေးဆွဲရာ၌ ထည့်သွင်းရေးဆွဲရန် လိုအပ်သည့် အချက် အလက်များကို ကောက်နှုတ်မှတ်တမ်းယူခဲ့ကြပါသည်။
ကိုဗစ်အလွန်ကာလတွင် ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးတို့ အတွက် မိမိတို့၏ MSMEs လုပ်ငန်းများ ဆက်လက်ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ ပြည်တွင်းဖြစ်ကို အားပေးရန်၊ ပြည်တွင်းထုတ်ကုန်များ အရည်အသွေးပြည့်မီရန်၊ ဈေးနှုန်းချိုသာစွာ ဖြင့် ထုတ်လုပ်ရောင်းချနိုင်ရန်တို့လည်း လိုအပ်ပါသည်။ ကိုဗစ်ကာလအတွင်း MSMEs လုပ်ငန်းရှင် များမှာ ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားခြင်း၊ ငွေကြေးစီးဆင်းမှုအဆင်မပြေခြင်း၊ ဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ နိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်ပေါက်ခဲ့ခြင်း၊ ကုန်ကြမ်းရရှိမှု ခက်ခဲခြင်း၊ ငွေကြေးအရင်းအနှီး မလုံလောက် ခြင်း၊ အခွန်အခများ ကြီးမြင့်ခြင်း၊ လုပ်ငန်းများကျဆင်းချိန်၌ ဘဏ်အတိုးငွေ နှင့် ချေးငွေများ ပေးဆောင်ရန် အခက်အခဲရှိခြင်း၊ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့မှုများပေါ်ပေါက်ခဲ့ခြင်း၊ ကျွမ်းကျင်လုပ်သားရရှိရန်ခက်ခဲခြင်း စသည်ဖြင့် စိန်ခေါ်မှုနှင့် အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြရ လျက်ရှိပါသည်။
တက်ရောက်လာကြသည့် ပညာရှင်များမှ အခက်အခဲများအပေါ်သုံးသပ်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လုပ်ငန်းကဏ္ဍအသီးသီးအတွက် ဘက်စုံထောင့်စုံမှ စဉ်းစားခဲ့ကြပါသည်။ MSMEs လုပ်ငန်းများမြှင့်တင်ရန်အတွက် နိုင်ငံတော်၏ အခြေခံအဆောက်အဦများတွင်ပါဝင်သည့် လမ်းပန်း ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရန်၊ လျှပ်စစ်မီးရရှိရန်နှင့် သယ်ယူပို့ဆောင်ရေးစရိတ် လျော့နည်း ကျဆင်းရန်တို့မှာ အခြေခံလိုအပ်ချက်များဖြစ်သည့်အတွက် မဖြစ်မနေ မြှင့်တင်ကြရမည် ဖြစ်ပါ သည်။ ခေတ်နှင့်လျော်ညီသည့် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ဆောင်ရွက်နိုင်ရန်လိုအပ်သကဲ့သို့ အခြားနိုင်ငံများနည်းတူ ပြည်ပမှတင်သွင်းမည့် ကုန်ပစ္စည်းများအပေါ် စံချိန်စံညွှန်းများသတ်မှတ်၍ လည်းကောင်း၊ အခွန်အကောက်များ စည်းကျပ်၍လည်းကောင်း၊ နယ်စပ်မှ တရားမဝင် တင်သွင်း မှုများကို ကာကွယ်ခြင်းဖြင့်လည်းကောင်း ပြည်တွင်းထုတ်ကုန်များ၊ ထုတ်လုပ်သည့် လုပ်ငန်းများကို အကာအကွယ်ပေးနိုင်ရန်မှာ အရေးကြီးပါသည်။
ကိုဗစ်အလွန်ကာလအတွက် နိုင်ငံတကာတွင် အကြမ်းအားဖြင့် ကုစားရေး (Relief) ၊ ထူထောင်ရေး (Recovery) နှင့် ကြံ့ခိုင်ရေး (Resilience) ဟူ၍ သုံးပိုင်းရှိသကဲ့သို့ မြန်မာနိုင်ငံတွင် COVID-19 Economic Relief Plan (CERP) ခေါ် ကုစားပေးအစီအစဉ် နှင့် Myanmar Economic Recovery Plan (MERP) ခေါ် ပြန်လည်ထူထောင်ရေးအစီအစဉ်တို့ကို ချမှတ်ထားပြီး ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (MERP) တွင် အကြမ်းအားဖြင့် ကဏ္ဍ (၂) ခုပါဝင်ရာ ပထမတစ်ခုမှာ မက်ခရိုစီးပွားရေးဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဖြစ်ကြသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေး၊ အခွန်အကောက်၊ ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ် စသည်များဖြစ်ကြပြီး ဒုတိယတစ်ခုမှာ စီးပွားရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဖြစ်ကြသည့် ပို့ဆောင်ရေးနှင့်် ထောက်ပံ့ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ဖြစ်ကြပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ ဦးစားပေး ဆောင်ရွက်ကြရမည့်ကိစ္စရပ်များမှာ များပြားလွန်းသည့်အတွက် အမှန်တကယ်ဦးစားပေး ဆောင်ရွက်ရမည့်အစီအစဉ် (Sequencing) သတ်မှတ်၍ စနစ်တကျ စီစဉ် ဆောင်ရွက်ကြမှသာ ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန်မှုများနှင့်အညီ နိုင်ငံတော်အတွက် လက်တွေ့ကျရုံသာမက အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာ၊ နည်းဗျူဟာများကို ဆက်လက်ဖော်ထုတ်နိုင်မည်ဖြစ်ပေသည်။
လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သော အလားအလာရှိသည့် လက်ရှိလုပ်ငန်းများကို ဦးစားပေး အစီအစဉ်သတ်မှတ်၍ အားပေးကူညီရန်လိုအပ်သကဲ့သို့ စွန့်ဦးတီထွင်၍ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဆောင်ရွက်လိုသည့် လုပ်ငန်းသစ်၊ လုပ်ငန်းငယ်ကလေးများကိုလည်း အားပေးပြုစု ပျိုးထောင်ပေးရန် လိုအပ်ပါသည်။ လုပ်ငန်းသစ်၊ လုပ်ငန်းငယ်ကလေးများကို အားပေးမြှင့်တင်နိုင်စေ ရန် ဥပဒေပိုင်းဆိုင်ရာ၊ လုပ်ငန်းလိုင်စင်၊ အသင်းအဖွဲ့များတွင်ပါဝင်နိုင်ခြင်း ဆိုင်ရာကိစ္စများ၊ ကုန်ကြမ်းရရှိနိုင်မှုအခြေအနေများ၊ ဈေးကွက်သတင်းများ အစရှိသည့် လုပ်ငန်းဆိုင်ရာ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိစေရေးအတွက် ဆောင်ရွက်ပေးနိုင်ရန်လည်း လိုအပ်ပါသည်။ ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာရေး၊ နည်းပညာများပြန့်ပွားနိုင်ရေး၊ လုပ်ငန်း ကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရေးတို့အတွက် အသေးစား၊ အငယ်စား နှင့် အလတ်စား လုပ်ငန်းများအတွက် အစပျိုးပြုစုပျိုးထောင်ရေးစင်တာ (MSMEs Incubation Centre) များ အကောင်အထည်ဖော် ဆောင်ရွက်ရန်သည်လည်း အရေးတကြီးလိုအပ်လာပြီဖြစ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဆောင်ရွက်ခဲ့သည့် MSMEs Business Recovery Survey ကဲ့သို့ MSMEs လုပ်ငန်းကဏ္ဍအသီးသီး၏ လက်ရှိအနေအထားကို သေချာစေ့ငှစွာသိရှိနိုင်ရန်အတွက် စစ်တမ်းများ၊ ဆန်းစစ်ချက်များကိုလည်း အမြန်ဆုံးကောက်ယူဆောင်ရွက်သင့်ပြီဖြစ်ပါသည်။ ယနေ့ ကိုဗစ်ကာလတွင် Social Distancing ကို လိုက်နာကြရာမှ Digital Literacy တိုးတက်မှု ရရှိခဲ့သည်နှင့်အညီ e-Commerce နှင့် Digital Solution များကိုလည်း ပြည်သူအများစု နှင့် MSMEs များမှ ကျွမ်းကျင်စွာအသုံးချနိုင်ရေးအတွက် Digital Literacy Campaign များပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ကုန်သွယ်မှုကူးပြောင်းရေး အသွင်ကိုသာမက ကုန်ထုတ်စွမ်းအားတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ကျွမ်းကျင်မှုစွမ်းရည် များမြှင့်တင်မှု၊ အသင်းအဖွဲ့များ စုစည်းချိတ်ဆက်ဆောင်ရွက်နိုင်မှုများပါအကျိုးဖြစ်ထွန်းလာစေနိုင် ပါသည်။
“အကျပ်အတည်းတိုင်းတွင် အခွင့်အလမ်းရှိသည်” ဟူသည့် ဆိုရိုးနှင့်အညီ ကိုဗစ်ကပ်ရောဂါ ကြောင့် ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်ပြောင်းလဲ၍ ထုတ်လုပ်သူမှ စားသုံးသူအထိ Supply Chain တစ်လျှောက် ပါဝင်သူအားလုံး၏ အကျိုးစီးပွား ကိုရှေ့ရှုကာ တီထွင်ဆန်းသစ်မှုနှင့်အတူ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် စီးပွားရေးပတ်ဝန်းကျင်ကောင်းကို ထူထောင်နိုင်စွမ်းရှိသော၊ ပြည်တွင်းထုတ်ကုန်များကို အခြေခံသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်သော၊ ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် ကြံ့ခိုင်သော MSMEs လုပ်ငန်းများ ထွန်းကားပေါ်ပေါက်လာရေးအတွက် မဟာဗျူဟာများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်မျှော်မှန်းလျက် ရေးသားတိုက်တွန်း တင်ပြ လိုက်ရပါသည်။
မမပစ်တိုင်းထောင် (SME)
၃၁.၁၀.၂၀၂၁ (၁၇:၂၅)
(၉.၁၁.၂၀၂၁ ကြေးမုံသတင်းစာ၊ စာမျက်နှာ ၁၇၊ ဆောင်းပါး)
Leave a comment