















အရှေ့တောင်အာရှ၏ ရိုးရာရေနေအပင်တစ်မျိုးသည် လူသားများအတွက် အာဟာရ၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေး (sustainable farming)၊ အစားအသောက် ဆန်းသစ်တီထွင်မှုနှင့် ဇီဝစီးပွားရေး (bioeconomy) အသစ်တစ်ခုအတွက် အခြေခံအုတ်မြစ် ဖြစ်လာနေသည်။
အဓိကအချက်
Wolffia သည် ရိုးရာရေနေဟင်းသီးဟင်းရွက်အဖြစ်မှ လူသားများအတွက် အာဟာရ၊ တိရစ္ဆာန်အစာ၊ တိကျသော ရေနေသတ္တဝါမွေးမြူရေး (precision aquaculture)၊ functional ingredients နှင့် တန်ဖိုးမြှင့် အစားအစာ ထုတ်ကုန်များအပါအဝင် ဘက်စုံသုံး future-food platform အဖြစ်သို့ ပြောင်းလဲနေပါသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း အစိုးရမူဝါဒ၊ သုတေသန၊ စံချိန်စံညွှန်းများ၊ smart farming နှင့် စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ပေးရာတွင် အတက်ကြွဆုံးသော ဂေဟစနစ် (ecosystem) တစ်ခုကို ဖော်ဆောင်လျှက်ရှိသည်ကိုတွေ့ရပါသည်။
ဆန်းသစ်တီထွင်မှု စက်ဝန်းသစ်ထဲသို့ ရောက်ရှိလာသော ရိုးရာအစားအစာ
အရှေ့တောင်အာရှဒေသများတွင် Wolffia globosa ကို မျိုးဆက်ပေါင်းများစွာ စားသုံးခဲ့ကြသော်လည်း ယခုကဲ့သို့ နိုင်ငံတကာမှ စိတ်ဝင်စားမှုမျိုး မရှိခဲ့ပါ။ ထိုင်းနိုင်ငံတွင် ၎င်းကို phum, khai nam သို့မဟုတ် khai pham (ရေဥများ) ဟု ခေါ်ဆိုကြပြီး၊ အစိမ်းရောင်အပင်ငယ်လေးများ ထောင်ပေါင်းများစွာ ရေပေါ်တွင် ပေါလောပေါ်နေမှုမှာ ငါးဥများနှင့် တူသောကြောင့်ဖြစ်သည်။ ၎င်းကို ဟင်းများ၊ ကြက်ဥကြော်များနှင့် ဟင်းသီးဟင်းရွက်ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်လေ့ရှိကြသည်။ European Food Safety Authority သို့ တင်ပြထားသော သမိုင်းဆိုင်ရာ အထောက်အထားများအရ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် W. globosa နှင့် ဆက်စပ် Wolffia မျိုးစိတ်များကို စားသုံးကြောင်း မှတ်တမ်းတင်ထားပါသည်။ မြန်မာနိုင်ငံအချို့ဒေသများတွင် Wolffia Azolla ကို အပင်ဩဇာနှင့် ငါးစာ၊ ကြက်ဝက်အစာအဖြစ်အသုံးပြုလာသည်ကို ကွက်ကြားတွေ့မြင်နိုင်ပါပြီ။
ယခုမီးမောင်းထိုးပြလိုသည်က ၎င်းကို အပင်၏သဘာဝမဟုတ်ဘဲ၊ သိပ္ပံပညာ၊ အစားအသောက်နည်းပညာနှင့် စီးပွားရေးလောကတို့က ၎င်းကို ရှုမြင်သုံးသပ်လာပုံပင် ဖြစ်သည်။ ယခုအခါ Wolffia ကို ဒေသခံဟင်းသီးဟင်းရွက်သက်သက်အဖြစ် မဟုတ်ဘဲ အစားထိုးပရိုတင်းသီးနှံ (alternative protein crop)၊ functional-food ingredient၊ ထိန်းချုပ်စိုက်ပျိုးနိုင်သော စိုက်ပျိုးရေးထုတ်ကုန်နှင့် circular-bioeconomy အရင်းအမြစ်တစ်ခုအဖြစ်ပါ သတ်မှတ်လာကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံသည် ရိုးရာစားသုံးမှုအဆင့်မှ smart cultivation၊ ပြုပြင်ထုတ်လုပ်မှုနည်းပညာ၊ အစားအသောက်စံချိန်စံညွှန်းများ၊ ထုတ်ကုန်အသစ်ဖန်တီးမှုနှင့် နိုင်ငံတကာ ဈေးကွက်ထိုးဖောက်မှုများဆီသို့ အလျင်အမြန် ကူးပြောင်းလျက်ရှိသည်။
ထူးခြားစွာ ကြီးမားလှသော အာဟာရတန်ဖိုးပါဝင်သည့် အပင်ငယ်
Wolffia သည် duckweeds သို့မဟုတ် water lentils ဟုခေါ်သော အုပ်စုတွင် ပါဝင်သည်။ အပင်လေးများသည် အလွန်သေးငယ်ပြီး ရေချိုမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေတတ်သည်။ အခြေအနေပေးပါက အချို့သော Wolffia မျိုးစိတ်များသည် အလွန်လျင်မြန်စွာ ပွားများနိုင်ကြသည်။ ပဲပိစပ်၊ ပြောင်း သို့မဟုတ် အခြားသော ပရိုတင်းသီးနှံများနှင့်မတူဘဲ Wolffia သည် သမားရိုးကျ စိုက်ပျိုးမြေ မလိုအပ်ဘဲ၊ ၎င်း၏ floating biomass ကို ထိန်းချုပ်ထားသော ရေကန်များ သို့မဟုတ် ဒေါင်လိုက်စိုက်ပျိုးရေးစနစ်များ (vertical cultivation systems) မှ အကြိမ်ကြိမ် ခပ်ယူနိုင်ပါသည်။
သိပ္ပံပညာရှင်များ စိတ်ဝင်စားရသည့် အဓိကအကြောင်းရင်းမှာ ၎င်း၏ သိပ်သည်းသော အာဟာရဓာတ်ကြောင့် ဖြစ်သည်။ ပရိုတင်းပါဝင်မှုနှုန်းမှာ မျိုးစိတ်၊ စိုက်ပျိုးသည့်ရေ၊ ရိတ်သိမ်းသည့်အချိန်နှင့် ပြုပြင်သည့်နည်းလမ်းများအပေါ် မူတည်၍ များစွာကွာခြားမှုရှိသည်။ လေ့လာမှုများအရ Wolffia တွင် dry-matter protein ပါဝင်မှု ၃၀ မှ ၄၀ % အထိမြင့်မားစွာပါဝင်သည်ကိုလေ့လာတွေ့ရှိပြီး စနစ်တကျစိုက်ပျိုးထားသော မျိုးစိတ်များတွင် ပိုမိုမြင့်မားသော ပမာဏအထိ ရရှိနိုင်ကြောင်း တွေ့ရသည်။
ပရိုတင်းပမာဏ များပြားခြင်းတစ်ခုတည်းကြောင့် စိတ်ဝင်စားဖွယ်ဖြစ်နေခြင်း မဟုတ်ပါ။ ၎င်း၏ အမိုင်နိုအက်ဆစ် (amino-acid) ပါဝင်မှုတွင် လူသားများအတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ် Essential Amino-Acid (၉)မျိုးလုံး ပါဝင်နေသည်။ ထို့ပြင် အမျှင်ဓာတ် (dietary fibre)၊ carotenoids၊ သတ္တုဓာတ်များနှင့် အဆီဓာတ် အနည်းငယ် ပါဝင်ပြီး ထိုအဆီဓာတ်တွင် polyunsaturated fatty acids များစွာ ပါဝင်ကြောင်း လေ့လာတွေ့ရှိရသည်။ သို့သော် အာဟာရပါဝင်မှုသည် မျိုးဗီဇနှင့် စိုက်ပျိုးမှုစနစ်အပေါ် များစွာမူတည်သောကြောင့် တိကျသော မျိုးစိတ်နှင့် စိုက်ပျိုးမှုစနစ်ကို မရည်ညွှန်းဘဲ “Wolffia တွင် ဗီတာမင်တိုင်း ပါဝင်သည်” ဟူသော ပြောဆိုမှုများကို သတိထားရမည်ဖြစ်သည်။ အထူးသဖြင့် သဘာ၀ရေကန်များမှရရှိပါလျှင် အခြားအခြားသော ညစ်ညမ်းမှုများရှိနေနိုင်သည်ကိုသတိပြုရပါမည်။
ဗီတာမင် B12 ပါဝင်မှုမှာ အထူးစိတ်ဝင်စားဖွယ်ဖြစ်သည်။ W. globosa ၏ ဇီဝကမ္မဖြစ်စဉ်တွင် အသုံးချနိုင်သော (bioactive) cobalamin ပုံစံများကို တွေ့ရှိခဲ့ပြီး လူ့ခန္ဓာကိုယ်မှ စုပ်ယူနိုင်ကြောင်း တွေ့ရှိရသည်။ သို့သော် ဤတွေ့ရှိချက်များသည် သိပ္ပံနည်းကျ အရေးပါသော်လည်း သဘာ၀အတိုင်း (သို့မဟုတ်) စီးပွားဖြစ်စိုက်ပျိုးထားသော Wolffia တိုင်းတွင် Vitamin B12 ပမာဏ အလိုအလျောက် ပါဝင်နေမည်ဟု အဓိပ္ပာယ်မကောက်ယူသင့်ပါ။ မျိုးစိတ်ရွေးချယ်မှုနှင့် စိုက်ပျိုးသည့် အခြေအနေများသည် အလွန်အရေးကြီးပါသည်။ ၎င်းကို “superfood” ဟု ဈေးကွက်ရှာဖွေရေးတွင် သုံးလေ့ရှိသော်လည်း ၎င်းသည် တရားဝင် သိပ္ပံဆိုင်ရာ သို့မဟုတ် စည်းမျဉ်းဆိုင်ရာ အစားအစာ အမျိုးအစားမဟုတ်ကြောင်းကိုလည်း သတိပြုရမည်ဖြစ်သည်။
လူသားများတွင် လေ့လာတွေ့ရှိချက်များ
လူသားများတွင် စမ်းသပ်လေ့လာမှုများမှာ အလားအလာကောင်းပြီး အထောက်အထားများ ပိုမိုရှာဖွေလျှက်ရှိကြသည်။ Wolffia ပါဝင်သော ညနေခင်းသောက်စရာတစ်ခုခုသည် ဒိန်ချဉ်နှင့် နှိုင်းယှဉ်ပါက စားသောက်ပြီးနောက် သွေးတွင်းသကြားဓာတ် (glucose response) တက်ခြင်းကို ပိုမိုလျော့ကျစေကြောင်း လေ့လာမှုတစ်ခုက ဆိုသည်။ အခြားသော လေ့လာမှုတစ်ခုတွင်လည်း Wolffia ကို ရေနွေးကြမ်း၊ သစ်ကြားသီး၊ အသားလျှော့စားခြင်း စသည့် Green Mediterranean diet ဖြင့် တွဲဖက်စားသုံးရာတွင် cardiometabolic တိုင်းတာချက်များ တိုးတက်ကောင်းမွန်လာကြောင်း တွေ့ရသည်။
လတ်တလော သိပ္ပံဆိုင်ရာ သုံးသပ်ချက်တစ်ခုအရ W. globosa သည် အစားထိုး ပရိုတင်းနှင့် functional ingredient အဖြစ် အလားအလာများစွာရှိသော်လည်း ဓာတ်တိုးဆန့်ကျင် (antioxidant)၊ သွေးတိုးကျ (antihypertensive) သို့မဟုတ် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ အကျိုးသက်ရောက်မှု အများစုမှာ ဓာတ်ခွဲခန်း သို့မဟုတ် တိရစ္ဆာန်စမ်းသပ်မှုများမှသာ ရရှိသေးပြီး လူသားများတွင် ပိုမိုကြီးမားသော လက်တွေ့စမ်းသပ်မှုများ လိုအပ်နေသေးကြောင်း ကောက်ချက်ချထားသည်။
Wolffia သည် ရေရှည်တည်တံ့သော အစားအစာလှုပ်ရှားမှုကို အဘယ်ကြောင့် ဆွဲဆောင်နိုင်သနည်း
Wolffia ၏ ရေရှည်တည်တံ့နိုင်မှု (sustainability) သည် ၎င်း၏ အာဟာရတန်ဖိုးကဲ့သို့ပင် အရေးကြီးပါသည်။ လျင်မြန်စွာ ကြီးထွားနိုင်စွမ်းရှိသောကြောင့် အကြိမ်ကြိမ် ရိတ်သိမ်းနိုင်သည်။ သမားရိုးကျ စိုက်ပျိုးမြေ မလိုအပ်ဘဲ ရေကန်များ၊ ကန်ငယ်များ၊ ဖန်လုံအိမ်များနှင့် အထပ်လိုက် စိုက်ပျိုးရေးစနစ်များတွင် စိုက်ပျိုးနိုင်သည်။ ထို့ပြင် ပျော်ဝင်နေသော အာဟာရဓာတ်များကို ပရိုတင်းကြွယ်ဝသည့် biomass အဖြစ် ပြောင်းလဲပေးနိုင်စွမ်းကိုလည်း လက်ရှိတွင် သုတေသနပြုနေကြသည်။
သို့သော် “sustainable” (ရေရှည်တည်တံ့သော) ဟူသော စကားလုံးကို တိုင်းတာမှုမရှိဘဲ ထုပ်ပိုးမှုများတွင် အလွယ်တကူ မတပ်သင့်ပါ။ အိမ်တွင်းစိုက်ပျိုးမှုများတွင် ရေလည်ပန့်များ၊ အရည်အသွေးတိုင်းတာသည့်ဆင်ဆာများ၊ နေရောင်မှရသော Photosynthesis ဓါတ်ပါဝင်သည့် မီးရောင်၊ အပူချိန်ထိန်းချုပ်မှုနှင့် အခြောက်ခံစက်များ လိုအပ်နိုင်ပြီး၊ အထူးသဖြင့် Freeze-drying နည်းလမ်းသည် စွမ်းအင်များစွာ သုံးစွဲရသည်။ ထို့ကြောင့် ပဲပိစပ်၊ သို့မဟုတ် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက Wolffia ၏ အမှန်တကယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အားသာချက်ကို life-cycle assessment နှင့် အမှန်တကယ် စီးပွားဖြစ် ထုတ်လုပ်မှုအချက်အလက်များဖြင့် သက်သေပြရန် ဆက်လက်ကြိုးစားနေကြသည်ကိုတွေ့ရသည်။
လူစားသုံးရန်နှင့် တိရစ္ဆာန်အစာအတွက် ကွဲပြားသော တန်ဖိုးကွင်းဆက်များ (Value Chains)
ထိုင်းနိုင်ငံတွင် သက်ဆိုင်ရာ အာဏာပိုင်များက Wolffia ထုတ်လုပ်မှုကို အသုံးပြုမည့် ရည်ရွယ်ချက်အပေါ်မူတည်၍ တရားဝင် ခွဲခြားသတ်မှတ်လာခြင်းမှာ အလွန်အရေးပါသော တိုးတက်မှုတစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးစံချိန်စံညွှန်းစနစ်တွင် လူစားသုံးရန်အတွက် စံချိန်စံညွှန်း (Good Aquaculture Practices) နှင့် တိရစ္ဆာန်အစာအတွက် သီးခြားစံချိန်စံညွှန်းများကို ပြဋ္ဌာန်းထားသည်။
လူစားသုံးရန်အတွက် ရေအရည်အသွေး၊ စိုက်ပျိုးမှုအထောက်အကူပစ္စည်းများ၊ ဘက်တီးရီးယား ညစ်ညမ်းမှု၊ ရိတ်သိမ်းချိန် သန့်ရှင်းမှု၊ ဆေးကြောခြင်း၊ ပြုပြင်ခြင်း၊ သိုလှောင်ခြင်းနှင့် ခြေရာခံနိုင်မှု (traceability) တို့သည် အစားအစာဘေးကင်းရေး (food-safety) အတွက် အလွန်အရေးကြီးပါသည်။ ဥရောပသမဂ္ဂ (EU) သည်လည်း လတ်ဆတ်သော W. arrhiza နှင့် W. globosa ကို ရိုးရာအစားအစာအဖြစ် အသိအမှတ်ပြုထားသော်လည်း အဏုဇီဝအရည်အသွေး၊ သတ္တုဓာတ်များနှင့် အခြားညစ်ညမ်းမှုများအတွက် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားသည်။ အစားအစာတစ်ခုကို အခြောက်ခံခြင်း သို့မဟုတ် သိပ်သည်းဆမြှင့်တင်ခြင်း (concentrating) သည် ၎င်းတွင်ပါဝင်သော သတ္တုဓာတ်များနှင့် ညစ်ညမ်းမှုများကိုလည်း ပိုမိုများပြားလာစေနိုင်သဖြင့် လတ်ဆတ်သောအပင်၊ အမှုန့်၊ ပရိုတင်းနှင့် ဖြည့်စွက်စာတို့အတွက် မတူညီသော ဘေးကင်းရေး ထည့်သွင်းစဉ်းစားမှုများ လိုအပ်သည်ကို သတိပြုရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တိရစ္ဆာန်အစာအတွက်လည်း Wolffia သည် အခြားဈေးကွက်တစ်ခုအဖြစ် ရှိနေပြီး ရေနေသတ္တဝါမွေးမြူရေးအစာများတွင် ပရိုတင်းနှင့် functional compounds များအဖြစ် အစားထိုး အသုံးပြုနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။
ထိုင်းနိုင်ငံ၏ ဗျူဟာမြောက် အနာဂတ်အစားအစာ
ထိုင်းနိုင်ငံ၏ Bio-Circular-Green Economy (BCG) မော်ဒယ်သည် တန်ဖိုးမြင့် ဇီဝအရင်းအမြစ်များ၊ စက်ဝိုင်းပုံစံ သယံဇာတအသုံးပြုမှုနှင့် တန်ဖိုးမြှင့် အစားအစာ ထုတ်လုပ်မှုတို့ကို ဦးစားပေးထားရာ Wolffia သည် ဤမူဝါဒနှင့် အလွန်ကိုက်ညီနေပါသည်။ ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဘာလင်မြို့တွင် ကျင်းပသော International Green Week တွင် Wolffia ဖြင့်ပြုလုပ်ထားသော ခေါက်ဆွဲခြောက်များအပါအဝင် “Agri-future: From Tradition to Sustainability” အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြသခဲ့သည်။
အစိုးရ၏ ပံ့ပိုးမှုများသည် အရောင်းမြှင့်တင်ရေး သက်သက်မဟုတ်ဘဲ နည်းပညာပိုင်းဆိုင်ရာများပါ ပါဝင်လာသည်။ အမျိုးသား ဆန်းသစ်တီထွင်မှု အေဂျင်စီ (NIA) မှ ထိုင်း startup ကုမ္ပဏီတစ်ခုဖြစ်သည့် Advanced GreenFarm အား ခပ်ယူပြီးနောက် ဆေးကြောရေးစနစ်နှင့် ထုတ်လုပ်မှု အရည်အသွေးတိုးတက်စေရန် ပံ့ပိုးပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် NSTDA ၏ NECTEC နှင့် BIOTEC အဖွဲ့များသည် IoT အခြေပြု Wolffia စိုက်ပျိုးရေးစနစ်များကို တီထွင်လျက်ရှိပြီး ဆင်ဆာများမှတစ်ဆင့် အလင်းရောင်၊ ရေနှင့် လေ အပူချိန်၊ pH၊ အာဟာရဓာတ်နှင့် အခြားအခြေအနေများကို စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ၎င်းသည် Wolffia အား precision agriculture အဖြစ် ပြောင်းလဲလာစေသော အဓိက အလှည့်အပြောင်းတစ်ခု ဖြစ်သည်။
ကန်ထဲမှသည် ပန်းကန်ထဲအထိ ပြဿနာဖြေရှင်းပေးနေသော ထိုင်းသုတေသီများ
Wolffia ကို မြန်မြန်ကြီးထွားအောင် စိုက်ပျိုးနိုင်ရုံမျှဖြင့် မလုံလောက်ပါ။ စီးပွားဖြစ် ထုတ်လုပ်သူများအနေဖြင့် ပရိုတင်းပါဝင်မှု၊ အရောင်၊ အရသာ၊ သက်တမ်း၊ ဈေးနှုန်းနှင့် အဏုဇီဝအရည်အသွေးများ တည်ငြိမ်မှုရှိရန် လိုအပ်သည်။ Mahidol တက္ကသိုလ်မှ သုတေသီများသည် Wolffia အခြေခံ အသားဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝသော သရေစာများကို တီထွင်ခဲ့ကြသည်။ Asian Institute of Technology (AIT) မှလည်း ပရိုတင်းထုတ်ယူခြင်း၊ fermentation လုပ်ခြင်း၊ smart စိုက်ပျိုးခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်းများကို သုတေသနပြုလုပ်လျက်ရှိသည်။
ပုဂ္ဂလိက ကုမ္ပဏီများ၏ အခန်းကဏ္ဍ
တန်ဖိုးမြှင့် ထုတ်ကုန် (Value-added) ဖြစ်နိုင်ခြေများသည် လျင်မြန်စွာ ကျယ်ပြန့်လာနေသည်။ ထိုင်းနိုင်ငံတွင် Wolffia သည် လတ်ဆတ်သော Wolffia အပြင် အမှုန့်များ၊ အပင်အခြေခံ ပရိုတင်းဖျော်ရည်များ၊ pesto၊ freeze-dried ထုတ်ကုန်များနှင့် အချိုပွဲများအထိ ဈေးကွက်တင်နေပြီ ဖြစ်သည်။ ဤသည်မှာ လတ်ဆတ်သော biomass → ဆေးကြောထားသော အအေးခံဟင်းသီးဟင်းရွက် → အေးခဲထားသော ပါဝင်ပစ္စည်း → အခြောက်မှုန့် → ပရိုတင်းပါဝင်ပစ္စည်း → ဖျော်ရည်/သရေစာ/မုန့်/ခေါက်ဆွဲ → functional နှင့် အထူးအစားအစာများ စသည့် အရေးကြီးသော တန်ဖိုးကွင်းဆက်ကို ပြသနေခြင်းဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
ဤလှုပ်ရှားမှုသည် ထိုင်းနိုင်ငံတွင်သာမကဘဲ အစ္စရေးနိုင်ငံသည်လည်း Wolffia စီးပွားဖြစ်ထုတ်လုပ်မှုအတွက် အရေးပါသော ဗဟိုချက်တစ်ခု ဖြစ်လာသည်။ Hinoman ကုမ္ပဏီ၏ Mankai မျိုးစိတ်ကို အေးခဲနှင့် အခြောက်ပုံစံများဖြင့် ရရှိနိုင်ပြီး ဗီတာမင် B12 နှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ လေ့လာမှုများစွာ လုပ်ဆောင်ထားသည်။ ဂျပန်နိုင်ငံတွင်လည်း အဏုဇီဝအကူအညီဖြင့် စိုက်ပျိုးခြင်းနှင့် ပရိုတင်းဖျော်ရည်၊ ခေါက်ဆွဲနှင့် မုန့်များတွင် အသုံးပြုမှုများကို အာရုံစိုက်လာကြပြီး ထိုင်းနိုင်ငံကို ဂျပန်အစားအစာစက်မှုလုပ်ငန်းများအတွက် ထုတ်လုပ်မှုအခြေစိုက်စခန်းတစ်ခုအဖြစ် သတ်မှတ်လာကြသည်။
ဈေးကွက် မည်မျှကြီးမားလာနိုင်သနည်း
ထိုင်းနိုင်ငံ TPSO ၏ ကိုးကားချက်အရ ပုဂ္ဂလိက ဈေးကွက်သုတေသနများမှ ခန့်မှန်းချက်မှာ duckweed ပရိုတင်းဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၉.၆ သန်းခန့် ရှိလာနိုင်ပြီး ၂၀၃၃ ခုနှစ်တွင် ၃၄၄.၉ သန်းအထိ တိုးတက်လာနိုင်ကာ နှစ်စဉ်တိုးတက်မှုနှုန်း (CAGR) ခန့်မှန်းခြေ ၈.၅ ရာခိုင်နှုန်းခန့် ရှိမည်ဟု ဆိုသည်။ လတ်ဆတ်သောအစိုအတိုင်း ရောင်းချခြင်းထက် ရေဓါတ်ဖယ်ထားသော အမှုန့်များ၊ ပရိုတင်းဖျော်နိုင်သည့်ရောစပ်ပြီးအသင့်ဖျော်အမှုန့်များ၊ ဖျော်ရည်များ၊ သရေစာများနှင့် စံချိန်မီ B2B ပါဝင်ပစ္စည်းများအဖြစ် တန်ဖိုးမြှင့်တင်နိုင်မှသာ နိုင်ငံတကာတွင် ပိုမိုအရောင်းအဝယ်ဖြစ်နိုင်မည် ဖြစ်သည်။
ကျန်ရှိနေသေးသော စိန်ခေါ်မှုများ
Wolffia ကို စီးပွားဖြစ်လုပ်ငန်းကြီးတစ်ခုအဖြစ် ပြောင်းလဲရန် အောက်ပါစိန်ခေါ်မှုများကို ဖြေရှင်းရန် လိုအပ်သေးသည် –
- စံချိန်စံညွှန်းသတ်မှတ်ခြင်း – စိုက်ပျိုးသည့် အခြေအနေများအပေါ်မူတည်၍ အာဟာရဓာတ်များ ပြောင်းလဲနိုင်သဖြင့် ထုတ်လုပ်သူများအတွက် တသမတ်တည်းဖြစ်အောင် ထိန်းချုပ်ရန် လိုအပ်သည်။
- အစားအစာ ဘေးကင်းလုံခြုံရေး – ရေထဲတွင် တိုက်ရိုက်ပေါက်ရောက်သဖြင့် ဘက်တီးရီးယား၊ သတ္တုဓာတ်နှင့် အခြားညစ်ညမ်းမှုများကို စနစ်တကျ ထိန်းချုပ်ရန် လိုအပ်သည်။
- ပြုပြင်ထုတ်လုပ်မှု ကုန်ကျစရိတ် – ရေဓာတ်များသော အပင်ဖြစ်သဖြင့် အာဟာရနှင့် အရောင်အရသာမပျက်စေဘဲ အခြောက်ခံနိုင်သည့် နည်းပညာများ လိုအပ်သည်။
- စားသုံးသူများအား ဆွဲဆောင်ခြင်း – ရိုးရာအစားအစာ၊ အနာဂတ်အစားအစာ စသဖြင့် သက်ဆိုင်ရာ ဈေးကွက်အလိုက် မှန်ကန်သော ဈေးကွက်ချဉ်းကပ်မှု လိုအပ်သည်။
မြန်မာနိုင်ငံအတွက် မည်သို့ အဓိပ္ပာယ်သက်ရောက်နိုင်သနည်း
မြန်မာနိုင်ငံသည် ဥရောပစည်းမျဉ်းဆိုင်ရာ မှတ်တမ်းများအရ Wolffia စားသုံးမှုသမိုင်းကြောင်းရှိသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် မြန်မာနိုင်ငံနှင့်များစွာ သက်ဆိုင်နေပါသည်။ ရေရှည်တည်တံ့သော စက်မှုလုပ်ငန်းတစ်ခု ဖြစ်လာစေရန် အောက်ပါ eco-mechanism တစ်ခုတည်ဆောက်ရန် လိုအပ်ပါသည် –
- မြန်မာ့ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် မျိုးစိတ်ကို ဖော်ထုတ်ခြင်း (identified strain)
- သန့်ရှင်းသောရေနှင့် ထိန်းချုပ်စိုက်ပျိုးခြင်း (clean water and controlled cultivation)
- GAP (ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များ) ကို လိုက်နာခြင်း
- လူစားရန်နှင့် တိရစ္ဆာန်အစာ ခွဲခြားသတ်မှတ်ခြင်း (food/feed separation)
- ရိတ်သိမ်းခြင်းနှင့် သန့်ရှင်းစွာ ဆေးကြောခြင်း (harvesting and hygienic washing)
- အရည်အသွေးစစ်ဆေးခြင်း (quality testing)
- အအေးခန်းစနစ် သို့မဟုတ် အခြောက်ခံခြင်း (cold-chain or drying)
- ဖော်စပ်ခြင်းနှင့် ထုတ်ကုန်အသစ် ဖန်တီးခြင်း (formulation and product development)
- အထောက်အထားအခြေပြု အညွှန်းတပ်ခြင်း (evidence-based labelling)
- စားသုံးသူကို အသိပညာပေးခြင်း (consumer education)
- ဈေးကွက် ဖော်ဆောင်ခြင်း (market development)
မြန်မာနိုင်ငံရှိ အစားအသောက် သိပ္ပံပညာရှင်များ၊ SME လုပ်ငန်းများ၊ တက္ကသိုလ်များ၊ ငါးလုပ်ငန်းကဏ္ဍနှင့် FoSTA ကဲ့သို့သော အဖွဲ့အစည်းများအတွက် Wolffia သည် ဒေသတွင်း ရိုးရာဇီဝအရင်းအမြစ်တစ်ခုကို အစားအသောက်သိပ္ပံ၊ စံချိန်စံညွှန်းများ၊ အင်ဂျင်နီယာပညာနှင့် ဈေးကွက်ဆန်းသစ်တီထွင်မှုတို့မှတစ်ဆင့် မည်သို့ ပြောင်းလဲနိုင်သည်ကို လေ့လာနိုင်သော ကောင်းမွန်သည့် စံပြလေ့လာမှု (case study) တစ်ခု ဖြစ်လာနိုင်ပါသည်။
ထိုင်းနိုင်ငံ၏ အတွေ့အကြုံမှ ရရှိသော သင်ခန်းစာမှာ “အနာဂတ်အစားအစာ (Future Food) ဆိုသည်မှာ ဓာတ်ခွဲခန်းထဲမှ မရင်းနှီးသော အရာတစ်ခုကို အသစ်ထွင်ခြင်းမျိုး အမြဲတမ်းမဟုတ်ဘဲ၊ မျိုးဆက်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့ပြီးသော အစားအစာများကို သိပ္ပံနည်းကျနားလည်အောင်လုပ်ကာ၊ ပိုမိုဘေးကင်းလုံခြုံစွာနှင့် တသမတ်တည်းဖြစ်အောင် ထုတ်လုပ်ပြီး ၎င်း၏တန်ဖိုးကို အဆင့်မြှင့်တင်ခြင်း” ပင် ဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ အပင်ငယ်လေးဖြစ်သော်လည်း ၎င်း၏ပတ်လည်တွင် ကြီးမားလှသော food science, smart farming နှင့် future-food ဂေဟစနစ်ကြီး ပေါ်ပေါက်လာနေပြီ ဖြစ်ပါသည်။
၀ဏ္ဏကျော်
Ph.D Scholar
FIBNH, FFANR, AIT
Thailand
Selected references and evidence sources
1. Appenroth, K.-J., et al. (2018). Nutritional Value of the Duckweed Species of the Genus Wolffia (Lemnaceae) as Human Food. Frontiers in Chemistry, 6, 483. https://www.frontiersin.org/journals/chemistry/articles/10.3389/fchem.2018.00483/full
2. Wolffia: A sustainable aquatic crop for future food systems and space agriculture. Trends in Food Science & Technology (2025). https://www.sciencedirect.com/science/article/abs/pii/S0924224425002055
3. Wolffia globosa as an Emerging Plant-Based Protein Source for Functional and Nutraceuticals. Foods (2026). https://www.mdpi.com/2304-8158/15/3/543
4. Protein bioavailability of Wolffia globosa duckweed – a randomized controlled trial. Clinical Nutrition. https://pubmed.ncbi.nlm.nih.gov/30591380/
5. Zelicha et al. (2019). The Effect of Wolffia globosa Mankai on Postprandial Glycemic Response. Diabetes Care. https://pubmed.ncbi.nlm.nih.gov/31076421/
6. Sela et al. (2020). Wolffia globosa–Mankai Plant-Based Protein Contains Bioactive Vitamin B12 and Is Well Absorbed in Humans. Nutrients. https://pubmed.ncbi.nlm.nih.gov/33049929/
7. European Food Safety Authority. Traditional food assessment of fresh Wolffia arrhiza and Wolffia globosa (2021). https://www.efsa.europa.eu/en/supporting/pub/en-6658
8. European Commission. Commission Implementing Regulation (EU) 2021/2191 concerning fresh W. arrhiza/W. globosa. https://eur-lex.europa.eu/legal-content/EN/TXT/?uri=CELEX:32021R2191
9. EFSA. Safety of Wolffia globosa powder as a Novel Food (2021). https://efsa.onlinelibrary.wiley.com/doi/abs/10.2903/j.efsa.2021.6938
10. Thailand Trade Policy and Strategy Office (TPSO), Ministry of Commerce. Wolffia as a Thai future-food / plant-protein product champion (May 2026). https://www.tpso.go.th/news/2605-0000000007
11. National Innovation Agency, Thailand. Flo Wolffia and Thailand’s future-food ecosystem. https://www.nia.or.th/Flo-Wolfia
12. NSTDA/NECTEC/BIOTEC. Premium Wolffia production, smart farming and commercialization (August 2026). https://www.nstda.or.th/home/news_post/s-and-t-implementation-technology_for_wolffia/
13. Asian Institute of Technology. Advancing Wolffia as a Sustainable Protein Source: From Scientific Innovation to Future Food Markets (2026). https://ait.ac.th/2026/03/advancing-wolffia-as-a-sustainable-protein-source-from-scientific-innovation-to-future-food-markets/
14. Mahidol University. Wolffia globosa-Based Nutritious Snack Formulation with High Protein and Dietary Fiber Contents. https://murex.mahidol.ac.th/en/publications/wolffia-globosa-based-nutritious-snack-formulation-with-high-prot/
15. NSTDA Open Archive. Optimizing Wolffia globosa protein extraction and enhancing protein attributes through fermentation. https://www.nstda.or.th/openarchive/nstda-research-publications/optimizing-wolffia-globosa-protein-extraction-by-ultrasonic-pretreatment-and-enhancing-protein-attributes-through-lab-fermentation/
16. Thailand agricultural standards portal: Wolffia farm standards for food and feed. https://agristandards.acfs.go.th/en/
17. Thailand Government. Bio-Circular-Green Economy model and implementation direction. https://www.thailand.go.th/public/issue-focus-detail/001_03_017
18. Thailand Public Relations Department. Wolffia showcased at International Green Week 2025. https://thailand.prd.go.th/en/content/category/detail/id/2078/iid/360538
19. flo Wolffia / Advanced GreenFarm. https://www.flowolffia.com/about-us
20. Hinoman / Mankai. https://www.hinoman.com/what-we-do/
21. GreenOnyx / Wanna Greens. https://www.greenonyx.ag/
22. Government of Japan. Wolffia: Tiny Superfood Tackles the Protein Crisis (2025). https://www.japan.go.jp/kizuna/2025/09/wolffia_tiny_superfood.html
Leave a comment